ညောင်ရွှေ ဩဂုတ် ၁၉
ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ဒေသတွင်းငါးမျိုးပြုန်းတီးမှုများ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်အတွင်းရှိ မြို့မဆည်နှင့် နောက်ဘိုကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန်အတွက် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ငါးသားပေါက်များကို ညောင်ရွှေမြို့နယ် ငါးစခန်းတာဝန်ခံ ဒေါ်မိမိခိုင်က ပေးအပ်ရာ ဟိုပုံးမြို့နယ်ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းထွန်းက လက်ခံရယူခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးအပ်သည့် ငါးသားပေါက်များမှာ ငါးခုံးမ သားပေါက်ကောင်ရေ (၂၅၀၀၀)၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၂၅၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) ရှိကြောင်းနှင့် ငါးသားပေါက်များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ဟိုပုံးမြို့မဆည်နှင့် နောင်ဘိုကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ