ရန်ကုန် သြဂုတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်၆၅နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ နှင့် စေတနာ့ဝန်ထမ်းများအား သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ၌ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ စေတနာ့လုပ်အားရှင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်ပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာမြကြေးမုံနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသော အဘိုးအဘွား ပြည်သူများအား စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးခြင်းများကို သက်ဆိုင်ရာ ဦးစားပေးအုပ်စုများအလိုက် အုပ်စုများခွဲကာ ထိုးနှံပေးလျက်ရှိပြီး သြဂုတ် ၃ ရက်နေ့မှ စတင်ကာ အသက်၆၅နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၆၈၂ ဦးထိုးနှံပေးခဲ့ကာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များနှင့် စေတနာ့ဝန်ထမ်းများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်