မြဝတီမြို့၌ ကလေးငယ်များအား ဗီတာမင် (A) နှင့် သန်ချဆေးများတိုက်ကျွေး

မြဝတီ  ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်ပြည်သူ့ဆေးရုံကျန်းမာရေးဦးစီးဌာနမှ  မြို့ပေါ်ရပ်ကွက်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင် (A) ဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက  စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင် (A) ကိုလည်းကောင်း၊ အသက်နှစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်များကို သန်ချဆေး များကိုလည်းကောင်း အသီးသီးတိုက်ကျွေးခဲ့သည်။

မြဝတီမြို့အတွင်းရှိ ကျန်ရှိနေသေးသည့် ရပ်ကွက်များ၌ဗီတာမင် (A) တိုက်ကျွေးခြင်းနှင့် သန်ချဆေးများတိုက်ကျွေးခြင်းလုပ်ငန်းများကို  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)