ရန်ကုန် သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ဈေးအနီး၌ ယနေ့မွန်းလွဲ ၂ နာရီက ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေး နှင့် ရောင်းချရေးယာဉ်ဖြင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီများကို သင့်တင့်သော ဈေးနှုန်းဖြင့်လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဒုဥက္ကဌ ဦးကျော်ကိုဆန်း က “ ခုလိုမျိုး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြည်သူတွေဆီကို ရောင်းချ ဆောင်ရွက်ပေးရခြင်းက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အခြေခံလူတန်းစား ပြည်သူတွေ အားလုံးအဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်၊ ပြည်သူတွေရဲ့ စိတ်ဒုက္ခတွေကို တစ်ဖက်တစ်လမ်းက ပြေပျောက်သွားစေနိုင်ဖို့ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဆန်စပါးကုန်သည်များ အသင်းအနေနဲ့ ခုလိုမျိုး ပံ့ပိုးကူညီဆောင်ရွက်ခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်၊ ဆက်လက်ပြီးတော့ အခြေခံ စားသောက်ကုန်များကို ပြည်သူတွေဆီ သက်သာသော ဈေးနှုန်းနဲ့ ရောင်းချပေးသွားဖို့ ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း(၁)ပြည်လျှင် ငွေ ၁၀၀၀ ကျပ် နှုန်းဖြင့် ဆန် (၅) ပြည် တစ်အိတ်ကို ငွေ ၅၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ ပေါ်ဆန်း(၁)ပြည်လျှင် ငွေ ၁၇၀၀ ကျပ် နှုန်းဖြင့် ဆန်(၅)ပြည် တစ်အိတ်ကို ငွေ ၈၅၀၀ ကျပ် ဖြင့်လည်းကောင်း၊ ဆီ ၆၀ သား (၁)ဗူးကို ငွေ ၁၈၅၀ ကျပ် ဖြင့် လည်းကောင်း၊ စုစုပေါင်း ဆန်အိတ် ၇၀၀ နှင့် ဆီ ၅၀၀ ဗူးတို့ကို ဒေသခံပြည်သူများ ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နှင့် စည်ပင်သာယာဝန်ထမ်းများ၊ မြို့မိမြို့ဖများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်လင်းကျော်