ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ဆန်စက်အား သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအား ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့် ကြက်ဥများပေးအပ်

ဘားအံ ဩဂုတ် ၁၆

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းအား ကြည့်ရှုပြီးတိုင်းရင်းဆေးရုံ၊ ဘားအံနည်းပညာတက္ကသိုလ် Quarantine Centerများ၌ တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအား ‌ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့်ကြက်ဥ များ ပေးအပ်‌ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ဘားအံမြို့၊ နောင်ထလုံးကျေးရွာရှိ ပုဂ္ဂလိကပိုင် အနန္တဂုဏ် တန်(၆၀) ဆန်စက်အား သွားရောက်လှည့်လည်ကြည့်ရှုခဲ့ရာ ဆန်စက်ပိုင်ရှင်မှ စပါးဝယ်ယူရရှိမှု အခြေအနေ၊ ကြိတ်ခွဲမှု အခြေအနေ၊ ထွက်ရှိသည့် ဆန်များအား ပြန်လည်ဖြန့်ဖြူးရောင်းချမှု အခြေအနေများနှင့် ကြုံတွေ့ရ သည့် အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့၊ တိုင်းရင်းဆေးရုံ Quarantine Center နှင့် ဘားအံနည်းပညာတက္ကသိုလ် Quarantine Center များသို့ သွားရောက်ကာ တာဝန်ထမ်း‌ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား အားပေးစကား ပြောကြားပြီး ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့်ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။