သာစည် သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည် မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းများအဆင့်မြှင့်တင်ခြင်း၊ ရေကျော်တည်ဆောက်ခြင်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ( ၁၇၉.၉၆ ) ကျပ်သန်းဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်တည်ဆောက်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သာစည်-ညောင်ရမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ( ၁၇၉.၉၆ ) ကျပ်သန်းဖြင့် လမ်းအရှည်ပေ (၁/၃မိုင်×၁၂'×၁၅") လုပ်ငန်းဆောင်ရွက်ထားရှိမှုအား မြို့နယ်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၊ အဖွဲ့ဝင် ဦးစိုးဝင်းအောင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးမှူး ဒေါ်ပိုပိုချစ်တို့ သွားရောက်၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
သာစည်-ညောင်ရမ်းလမ်းသည် အရှည် ၈ မိုင်ရှိပြီး၊ ကတ္တရာခင်းခြင်း ၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် အရှည်ပေ ၁/၆ မိုင်၊ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်၂/၁.၁၅ မိုင် ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ၁/၃ မိုင် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ကျန်ရှိနေသော၂/၄.၈၅ မိုင်အားလည်း ရန်ပုံငွေရရှိရေး လျာထားထားရှိပြီး၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းများကို အသုံးပြုနေသော ကျေးရွာအုပ်စု (၁၁) အုပ်စုတို့၏ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်ပြီး လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးကိစ္စရပ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။