ရန်ကုန် ဩဂုတ် 16
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင် နှစ်နေရာခွဲ၍ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအပတ်)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အဆိုပါ Sinopharm အမျိုးအစား Covid -19 Vaccine ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား များအား ပထမဉီးစားပေး အစီအစဉ်အဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင် နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော အစိုးရဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း များ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များမှ ဝန်ထမ်းများ၊ ဈေးများမှ ဈေးသူ/ ဈေးသားများနှင့် ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ် မူတည်၍ ဦးစားပေး အဆင့်အလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“အဘွားအနေနဲ့ ပထမအပတ် ထိုးပေးတုန်းက ကိုယ်နဲ့ ဒီဆေး ဓာတ်တည့်ပါ့မလားဆိုပြီး စိုးရိမ် စိတ်တွေ ရှိခဲ့တာကြောင့် လာမထိုးဖြစ်ခဲ့ပါဘူး။ ဒါနဲ့ ကိုယ်နဲ့ အသက်အရွယ်တူတဲ့လူတွေ လာထိုးတာ ဘာမှဘေးထွက်ဆိုးကျိုး မရှိဘူးဆိုတာ သိရတာနဲ့ ဒီတစ်ကြိမ်မှာ ယုံယုံကြည်ကြည်နဲ့ လာရောက်ထိုးနှံ ဖြစ်ခဲ့တာပါ။ ကိုဗစ်-၁၉ရောဂါဟာ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်နှံ့မှုနှုန်း မြန်ဆန်မြင့်မား နေတယ်လေ။ အခုလို ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံပေးတဲ့အပေါ် အရမ်းလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့လို တစ်ခြား အသက်အရွယ် ကြီးရင့်ပြီး ဆေးမထိုးရသေးတဲ့ လူတွေကိုလည်း ယုံကြည်စွာ လာရောက်ပြီး ထိုးနှံကြဖို့လည်း ပြောချင်ပါတယ် ” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ အဘွား ဒေါ်ကြင်မြိုင်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရမည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား( ၁၆၆၈၂ ) ဦးထိရှိရာ (ပထမအပတ်)အဖြစ် ဩဂုတ်လ (၂)ရက်နေ့မှ(၉)ရက်နေ့အထိ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၄၇၀၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး (ဒုတိယအပတ်)အဖြစ် ဩဂုတ်လ(၁၆)ရက်နေ့မှ(၂၀)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် အဘိုးအဘွားများကို နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိပါသည်။