မိတ္ထီလာ သြဂုတ် ၁၆
မိတ္ထီလာမြို့နယ် ရေချိုကျေးရွာအုပ်စု လေးတိုင်စင်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၉.၉၇ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် မြေသားရေကန်တူးဖော် ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် (၉.၉၇)သန်းဖြင့် ရေချိုကျေးရွာအုပ်စု လေးတိုင်စင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး အကျယ် အလျား ၁၉၅ ပေ ၊ အနံ ပေ ၁၅၀ ၊ အနက် ၅ ပေရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍ အိမ်ခြေ ၅၁ အိမ်၊ လူဦးရေ ၃၄၀ ကျော်ရှိ လေးတိုင်စင်ကျေးရွာမှ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)