ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်

ကော့ကရိတ် သြဂုတ် ၁၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများပြားလာပြီး ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် အသိပညာပေး နှိုးဆော် ကြေညာခြင်းကို အသံချဲ့စက်များနှင့် လက်ကိုင် အသံချဲ့စက် (Hand Speaker)တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ အသိပညာပေး ဆောင်ရွက်လျက်ရာ ယနေ့နံနက်၈နာရီအချိန်က ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန် ပြင်ပမှလာသော ဧည့်သည်များ အား လက်မခံပါကြရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကိုရှောင်ကြဉ်ရန် တစ်ခုခုကိုကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန် အသိပေးနှိုးဆော်ခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)