ကျောက်မဲ ဩဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာ အထက်တန်း ကျောင်း၌ ရောက်ရှိခိုလှုံ နေသည့် ပြည်သူ ၈၀ ကျော်ခန့်ကို ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီမှ ယမန်နေ့ ညနေ ၅ နာရီ ခွဲ အချိန် ခန့်က ဆန်၊ ဆီ ရိက္ခါများနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စု ၊ ပန်ကွမ်ကျေးရွာ နှင့် ပန်ဖျက်ကျေးရွာ တစ်ဝိုက်တို့တွင် ဩဂုတ် ၁၁ ရက်နေ့ ကစ၍ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ အဆိုပါ ဒေသမှပြည်သူများသည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။ ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့က မိုင်းတင်းကျေးရွာ စာသင်ကျောင်းသို့ တိုက်ပွဲရှောင် အိမ်ထောင်စု အိမ်ထောင်စု ၂၆ အုပ်စု ၊ လူဦးရေ ၈၀ ဦးကျော် ထပ်မံရောက်ရှိခိုလှုံခဲ့ပြီး ၎င်းတို့အတွက် ကျောက်မဲမြို့နယ် တိုက်ပွဲရှောင် ကော်မတီမှ ဆန် ( ၆ )အိတ်၊ ကုလားပဲ အိတ်ကြီး (၁)အိတ်၊ စောင် (၆၀) ထည် ၊အခင်းပိုက်ဖျာ (၆၀)ခု၊ Mask(၅၀၀)ခု၊ Hand Gel (၃)ဘူး၊ ဆား ( ၁ )အိတ်၊ ဆေးစိမ်ခြင်ထောင်(၈၀)ထည် တို့ကိုလည်းကောင်း၊ အိုမ်တမောဝ် လူမှုကူညီရေးအသင်းမှ ဟင်းချက်စရာ ဟင်းသီးဟင်းရွက်(ကုန်စိမ်း) နှင့်တကိုယ်ရေသုံးပစ္စည်းများ ဖြစ်သည့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာအစရှိသည်တို့ကိုလည်းကောင်း သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီအနေဖြင့် မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စော့ကျေးရွာ စာသင်ကျောင်း၌ ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူ ၁၀၀ ဦးခန့်ကိုလည်း ဩဂုတ် ၁၄ ရက်နေ့ကဆန်၊ဆီ ရိက္ခါများနှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် ထောက်ပံ့ပေးခဲ့ပြီးကြောင်း ကျောက်မဲမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်း၏ ပြောကြားချက်အရသိရသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များတို့အကြား ဇူလိုင်လဆန်းခန့်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ယခုတဖန် ပြန်လည်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်း ၁၄ ခု၌ တိမ်းရှောင်ခိုလှုံနေရသည့် ပြည်သူ ၂၄၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။