ရန်ကုန် သြဂုတ် ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယ ဖြစ်ပွားမှု အများဆုံး ရောဂါ ဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် HPV ကာကွယ် ဆေးထိုးနှံခြင်းကို အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းသည် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပထမအကြိမ် အဖြစ် စတင်ထိုးနှံပေးမှာဖြစ်ပြီး ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ် များ တွင် (၁၃) မျိုးမြောက် ကာကွယ် ဆေးဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးကို ထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက် (၉) နှစ်ပြည့်မှ အသက် (၁၀)နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လ အတွင်း မွေးဖွားသူ မိန်းကလေး များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျန်းမာရေး ဆရာမများထံတွင် စာရင်း ပေးသွင်းကြရန် နှိုးဆော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ အတွင်း ထိုးနှံ ပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)