မိုးကုတ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုနှင့် ပြည်သူများ လာရောက်ကြည့်ရှုမှုတို့အား ကွင်းဆင်းကြည့်ရှု

မိုးကုတ်  ဩဂုတ် ၁၃

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နို၀င်ဘာလ (၈) ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုများကို ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကြေညာထားလျက် ရှိပါသည်။

အဆိုပါကြေညာထားရှိမှုများကို ပြည်သူများလာရောက်ကြည့်ရှုမှုနှင့် ပြင်ဆင်ပယ်ဖျက်ရန်လိုအပ်မှုများအပေါ် ရပ်ကျေးကော်မရှင်များအနေဖြင့် ဆောင်ရွက်နေမှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များဖြစ်ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းတို့ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ယမန်‌နေ့က မြို့နယ်အတွင်းရှိ ကျပ်ပြင်နှင့်ကသဲအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် စစ်ဆေးရေးအဖွဲ့သည် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ မဲဆန္ဒရှင်ပြည်သူများအလွယ်တကူ လာရောက် ကြည့်ရှုနိုင်သည့်နေရာများတွင် ထင်သာမြင်သာအောင်ကပ်ရှိထားပေးရေး၊ အိမ်ထောင်တစ်စုတွင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရူရန် ပြည်သူ များအား နှိုးဆော်ရေး၊ ပြည်သူများမှ မဲဆန္ဒရှင်စာရင်းများကိုပြင်ဆင်ခြင်း၊ ထည့်သွင်းလိုခြင်း၊ ပယ်ဖျက်မှုများ ပြုလုပ်လိုပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

 ဖြိုးမမ (မိုးကုတ်)