ကျောက်တန်း ဩဂုတ် ၁၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပ နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသောင်းဝင်းက ဆွေးနွေး ပြောကြားရာ တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၁၈)နှစ် ပြည့်ပြီး မဲဆန္ဒရှင်စာရင်း များကို ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများအလိုက် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အသိပေးကြေငြာထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား လိုက်နာ ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ်က မဲဆန္ဒရှင် စာရင်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အသက်(၁၈) နှစ် ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းများရရှိစေရေးအတွက် မဲစာရင်းကပ်ပြီး ကြေငြာထားချိန် တွင် ပြည်သူများအနေဖြင့် မဲစာရင်းမိမိတို့ ပါ/မပါ သွား ရောက်ကြည့်ရှုရန် ကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီအသီးသီးတို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြန်လည် ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)