မြောက်ဥက္ကလာပ ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာရာသို့ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန်နှင့် ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက စ၍ (င)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်(င)ရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များနှင့် အတူဆယ်အိမ်မှူး၊ ရာအိမ်မှူးများက သုဓမ္မာလမ်း၊ သန္တာလမ်းတို့တွင် နေထိုင်သည့် အိမ်ထိုင်စုများအား မဲစာရင်းများ၌ မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ - ၄ ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ တို့ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းပြောကြားခြင်းနှင့် မဲစာရင်းများကို လာရောက် ကြည့်ရှုရန် အသိပေးပြောကြားခဲ့ပြီး မဲစာရင်းမပါသည့် အိမ်ထောင်စုများအား ပုံစံ-၃ နှင့်ဖြည့်စွတ်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မဲရုံပေါင်း(၂၃၈)ရုံတွင် မဲပေးနိုင်သူ မဲဆန္ဒရှင် ပြည်သူ (၂၅၀၁၂၃)ဦး ရှိကြောင်း သိရပြီး ကျင်းပ မည့် နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)