ဒဂုံမြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးနိုင်ရေး ပထမအကြိမ် ရပ်ကွက်အလိုက် မဲစာရင်းကြေညာခြင်း ရက်တိုးဆောင်ရွက်ပေး

ဒဂုံ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံမဲဆန္ဒရှင် စာရင်းများ   ကို ပထမအကြိမ် မဲစာရင်းကြေညာကပ်ခြင်းကို ဇူလိုင်(၂၅)ရက် နေ့မှ ဩဂုတ်(၇)ရက်နေ့ထိ ကပ်ထားကြေညာလျက်ရှိခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် လိုအပ်သည့် တောင်းဆိုမှုများ၊ ကန့်ကွက်မှုများ၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ်(၈)ရက်နေ့မှ(၁၄)ရက်နေ့ထိ ထပ်မံ ရက်တိုးကြေညာထားကြောင်း သိရ သည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲပေးရမည့်သူ အမည်စာရင်းတွင် မိမိနာမည်ပါ/မပါ ကြည့်ရှုပြီး ပါရှိမှု မရှိပါက ပုံစံ(၃)ဖြင့်လည်းကောင်း မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေ ပါက ပုံစံ၄(ဂ)ဖြင့်  ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ပြီး ဒုတိယအကြိမ် မဲစာရင်းကိုလည်း  အောက်တိုဘာလ တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)