ရန်ကုန် ၊ ဩဂုတ် ၊ ၁၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ် ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်း မြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက် အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်ရောင်းဝယ်နေမှုများကို မထိခိုက်စေရန် ဆေးဝါးဖြန့်ချီရောင်းချနေသော မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေးမှ လက်လီ၊ လက်ကားဆိုင်ကြီး များကိုဝင်ရောက် စစ်ဆေးခြင်းမပြုဘဲ သီးသန့်ဂိုဒေါင်များဖြင့် သိုလှောင်ထားသော ဆေးဂိုဒေါင် (၉)ခုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆေးဂိုဒေါင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်များရှေ့မှောက်တွင် ဂိုဒေါင်လက်ကျန် စာရင်းကောက်ယူခြင်း၊ ကုန်ပစ္စည်းအဝင်အထွက် လယ်ဂျာများ စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင်ရှိ/မရှိ၊ ယခင်ကပင် ဆေးပစ္စည်းများ တင်သွင်းရောင်းချခြင်း (သို့မဟုတ်) ယခုကာလမှသာ ဈေးကွက်အတွင်းမှ ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း၊ ပစ္စည်းများကို ထိန်းချုပ်ထားခြင်း (သို့မဟုတ်) အမြတ်ကြီးစားရောင်းချရန် ရည်ရွယ်သိုလှောင်ခြင်း ရှိ၊မရှိ တတိယနေ့အဖြစ် ထပ်မံဖော်ထုတ် စစ်ဆေးမှုများကို ဆောင်ရွက်လျက် ရှိပါသည်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စိစစ်နေစဉ်ကာလအတွင်း ဆေးဝါးများပုံမှန်ရောင်းချခြင်းလုပ်ငန်း ထိခိုက်မှုမရှိစေရန် ဈေးကွက်အတွင်းသို့ ပို့ဆောင်လိုပါကလည်း ပို့ဆောင်မည့် ပစ္စည်းစာရင်း နှင့်ပို့ဆောင်မည့်ဒေသကို မှတ်သား၍ လွတ်လပ်စွာ ပို့ဆောင်ခွင့်ပြုထားပါသည်။ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဂိုဒေါင်(၉)လုံးကို ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံစစ်ဆေးခြင်း ပြုလိုက်သဖြင့် ဆေးဝါးဈေးကွက်အတွင်း လက်လီ၊လက်ကားရောင်းချသော ဈေးများတွင် အများပြည်သူ အသုံးများသော ဆေးများ၏ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားကြောင်းလည်း သိရှိရပါသည်။
တတိယအသုတ် စစ်ဆေးနေသော ဆေးဂိုဒေါင်များအနက် ဈေးနှုန်းမြင့်တင့်ရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ရောင်းချခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်ယူတင်သွင်းသည့် အထောက်အထားများ တင်ပြနိုင်မှု မရှိခြင်း၊ သိုလှောင်ထားသည့် ပမာဏများပြားသဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ တွေ့ရှိသဖြင့်ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါသည်။ ပုံမှန်ရောင်းချလျက်ရှိသည့် ဂိုဒေါင်များကို ဆေးဝါးများ ဈေးနှုန်းမြင့်မားစေရန်၊ ဈေးကွက်အတွင်း ဆေးဝါးဖြန့်ဖြူးမှု ထိန်းချုပ်ခြင်းမပြုရန်၊ အမြတ်ကြီးစားရောင်းချခြင်းမပြုရန် သတိပေးပြီး ခံဝန်ကတိ လက်မှတ်ရေးထိုးစေမည် ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်တင်သွင်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီများကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းပြုမည် မဟုတ်ကြောင်း သိရှိရသည်။
ဆန်းကျော်ဦး