ပန်ဆိုင်း ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူ (Book Club) အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်က လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်သည်။
ရှေးဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းမိုးခိုင်က “စာဖတ် ဝိုင်းပြုလုပ်ပြီး အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် ဗဟုသုတများ ရရှိရုံသာမက မိမိသိရှိလိုသည် များကို ပွင့်လင်းမြင်သာစွာ မေးမြန်းနိုင်ပါကြောင်း စာအုပ်၊ စာပေချစ်မြတ်နိုးသူ (Book Club) အသင်းသားများလည်း စာဖတ် ဝိုင်းသို့ တက်ရောက်လာနိုင်ရေး ပြောဆိုစည်းရုံးရန်” ပြောကြားသည်။
စာဖတ်ဝိုင်းတွင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က “သုတစာပေ ဖတ်ပါစေ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ရာ သုတ၊ ရသ၊ စာပေဖတ်ခြင်းသည် လူတစ်ဦး တစ်ယောက်၏ အရည်အချင်းကို မြှင့်တင်ပေးပြီး တိကျမှန်ကန်စွာ ဝေဖန်ပိုင်းခြား နိုင်မှုကို အထောက်အကူ ပြုကြောင်း၊ ဦးစီးခေါင်းဆောင်ကောင်းဖြစ်စေပြီး သုတစာပေများကို ဖတ်ရှု လေ့လာ မှတ်သားစေချင်ကြောင်း” ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး၏ ဆွေးနွေးချက်အပေါ် တက်ရောက်လာကြသည့် စာအုပ်/ စာပေဝါသနာရှင်များက ပြန်လည် ဆွေးနွေးပြီး သိရှိလိုသည့် မေးမြန်းချက်များကို စာအုပ်၊ စာပေ ချစ်မြတ်နိုးသူ (Book Club)အသင်းတို့က အပြန်အလှန် ဆွေးနွေး ဖလှယ်ကြကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)