သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ (၅၃၉၉) ဦးထိုးနှံပြီးဖြစ်

ရန်ကုန် ဩဂုတ် ၁၄ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ သံဃာတော်၊ သီလရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၅၃၉၉)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဒေါက်တာ စောအောင်ရွှေဖြူနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွား(၃၇၂၅)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၅၇)ဦး၊ သံဃာတော်၊ သီလရှင်(၂၅၄)ပါး၊ အစိုးရဝန်ထမ်း (၈၄)ဦးနှင့် ၎င်းတို့၏မိသားစုဝင် (၇၁၃)ဦး၊ စေတနာ့ဝန်ထမ်း (၂၈၅)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၃၆)ဦးနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမား(၇၅)ဦး၊ ဟိုတယ်မိုတယ်များမှ အလုပ်သမား (၇၀)ဦး စုစုပေါင်း (၅၃၉၉)ဦးတို့ကို ဩဂုတ်လ ၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ မြို့နယ်အတွင်းရှိ အ.ထ.က (၂)ကျောင်းနှင့် အ.ထ.က(သုဝဏ္ဏ) ကျောင်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopham) ကို ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။ “နောက်ထပ်ကာကွယ်ဆေးတွေ ထပ်ရောက်လာရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးဖို့ကျန်ခဲ့တဲ့ ဘိုးဘွားတွေရယ်၊ ဦးစားပေးအဆင့်ဆင့်တွေ၊ ဝန်ထမ်းမိသားစုတွေ၊ အဲဒီထဲကမှ အသက်အရွယ်ကြီးတဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဦးစားပေးအဆင့်လိုက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ် ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံထူး က ပြောကြားခဲ့သည်။ စန္ဒာမိုး(ပြန်/ဆက်)