ကျောက်မဲ ဩဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စော့ကျေးရွာ စာသင်ကျောင်း၌ လာရောက်ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ ၁၀၀ ဦးခန့်အား ကျောက်မဲ မြို့နယ် တိုက်ပွဲရှောင် ကော်မတီမှ ယနေ့နံနက် ၉ နာရီ အချိန်က ဆန်၊ ဆီ ရိက္ခာများနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စု ၊ ပန်ကွမ်ကျေးရွာ တစ်ဝိုက်တွင် ဩဂုတ် ၁၁ ရက်နေ့ ကစ၍တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အဆိုပါ ဒေသရှိ ဒေသခံပြည်သူများသည် နီးစပ်ရာ ဒေသများဖြစ်သည့် လွယ်ကုန်ကျေးရွာအုပ်စု၊ မိုင်းတင်းကျေးရွာအုပ်စု နှင့် ကျောက်မဲမြို့ပေါ်သို့ ရှောင်တိမ်းနေရလျက်ရှိသည်။
အဆိုပါ တိုက်ပွဲရှောင်များအနက် မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စော့ကျေးရွာရှိ စာသင်ကျောင်းသို့ တိမ်းရှောင်ခိုလှုံနေသည့် တိုက်ပွဲရှောင် ပြည်သူ ၁၀၀ ဦးခန့်ကို ကျောက်မဲမြို့တိုက်ပွဲ ရှောင် ကော်မတီ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းက ဆန် (၁၀)အိတ်၊ ဆီ (၆)ပိဿာ၊ ဆား (၁)အိတ်၊ကုလားပဲအိတ်ကြီး (၁)အိတ်၊ mask (၅၀၀)ခု၊ Hand Gel (၆)ဘူး၊စောင် ( ၈၀ )ထည် နှင့် ဆေးစိမ်ခြင်ထောင် ( ၈၀ )ထည် တို့ကိုသွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် တိုက်ပွဲရှောင် ကော်မတီအနေဖြင့် ထောက်ပံ့ရန်ကျန်ရှိနေသည့် အခြားတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ဆီ စသည့် ရိက္ခာများကို ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)