ပျော်ဘွယ် ဩဂုတ် ၁၄
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကို ကာကွယ်ဆေးထိုးနှံခြင်းအား ဇူလိုင်လ(၃၁)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိပြီး ဩဂုတ်လ(၁၄)ရက် နေ့ အထိ သတ်မှတ်စုရပ်(၄)နေရာတွင် ဦးစားပေးအစီအစဉ်အလိုက်ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်အထိ လူဦးရေ(၅၆၆၆)ဦး အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ ပရဟိတ လုပ်ငန်းဆောင်ရွက်နေသူများ၊ သံဃာတော်များနှင့်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ စသည့် ဦးစားပေး အစီအစဉ် အလိုက် သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီထိုးနှံပေးခဲ့ကြသည်။
ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)