နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ရောဂါကုသရေးစင်တာအတွက် လိုအပ် သော အောက်ဆီဂျင် ၄၀ လီတာဆန့် ၁၅ လုံးအား Crown ဘိလပ်မြေစက် ရုံမှဖြည့်ဆည်းကူညီ

နောင်ချို        ဩဂုတ်   ၁၄  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် လိုအပ်သော အောက်ဆီဂျင် ၄၀ လီတာဆန့် ၁၅ လုံးကို Crown ဘိလပ်မြေစက်ရုံမှ ဖြည့်ဆည်းကူညီပေးရာ ပရဟိတလူငယ်များမှ ယမန်နေ့ကသွားရောက် သယ်ယူခဲ့ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

နောင်ချိုမြို့နယ် Crown ဘိလပ်မြေစက်ရုံမှ သဖန်းကိုင်းပရဟိတအသင်း ကိုဗစ်-၁၉စင်တာ အတွက် လိုအပ်သော အောက်ဆီဂျင်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး၊ သဖန်းကိုင်း ပရဟိတ ကိုဗစ်-၁၉ စင်တာမှလည်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား လိုအပ်သော ပြုစုစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းကို သဖန်းကိုင်းပရဟိတ ဆရာတော်မှဦးဆောင်ဖွဲ့စည်းထားပြီး နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကုသရေးစင်တာ ၄ ခု တွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဆိုပါကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် သဖန်းကိုင်း ဆရာတော် ၏အစီအစဉ်ဖြင့် ဆရာဝန်တစ်ဦး၊ သူနာပြု (၄)ဦးတို့ဖြင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်း သဖန်းကိုင်းပရဟိတအသင်းမှ စားရေး၊ သောက်ရေး၊ နေထိုင်ရေးတို့ကို စီစဉ်ပေးထားခြင်းတို့ဖြင့် ရောဂါပိုးတွေ့လူနာများ အမြန်ဆုံး သက်သာပျောက်ကင်းစေရန် ဆောင်ရွက်ထားရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှသိရသည်။

သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် ယမန်နေ့ထိ ပိုးတွေ့လူနာ ၄၀ ရှိပြီး အဆိုပါလူနာများ၏ ကျန်းမာရေး၊ စားရေး၊ နေရေးတို့ကို လိုအပ်ချက် မရှိစေရ အောင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အတွင်း လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းခြင်း၊ လူမှုရေးကိစ္စများ ကူညီဆောင်ရွက်ခြင်း၊ ပိုးတွေ့လူနာ မိသားစုဝင်များ အား စားနပ်ရိက္ခာများကူညီ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်