ကျောက်ဆည်မြို့နယ်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အတွက် ကွင်းဆင်းစစ်ဆေး

ကျောက်ဆည်  ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများ စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအတွက် ယနေ့နံနက် ၉နာရီခွဲအချိန် က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးလွင်မောင်စိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြင့်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များပူးပေါင်း၍ ကံဦးရပ်ကွက်ရှိ ဇော်မိတ်ဆေးဆိုင်နှင့် နွေမိုးဆောင်း ဆေးဆိုင်တို့တွင် ကိုဗစ်-၁၉ သာမန်ကုသဆေး (၂၁)မျိုးနှင့် အရေးပေါ်ကုသဆေး (၁၂)မျိုးရောင်းချနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၂၃)ဆိုင်ရှိရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ သတ်မှတ်စည်ကမ်းချက်များနှင့် အညီရောင်းချခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

တင်တင်ထွေး