မိတ္ထီလာ၊သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရပ်ကွက် (၆)ခုအား သောက်သုံးရေဖြန့်ဝေပေးလျက်ရှိ သော ရေစင်ကြီးအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ သန်းကျော်ဖြင့် အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေး လျက်ရှိသော စျေးအရှေ့ပြင်ရပ်ကွက် ခရိုင်မီးသတ်ဦးစီးဌာနအနီးရှိ ရေဂါလံ(၆၀၀၀၀)ဆံ့ ရေစင်ကြီးနှစ်စင်ရှိသည့်အနက် ဆွေးမြှေ့ပျက်စီးနေသည့် ရေစင်ကြီး တစ်စင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၇၈.၅၆)သန်းဖြင့် တင်ဒါ အောင်မြင်သည့် Triple Thar Co,Ltdမှ တာဝန်ယူပြီး အလျား ၁၉ ပေ ၊ အနံ ၃၃ ပေ ၊အမြင့် ၄၃ ပေရှိ ရေဂါလံ ၃၅၀၀၀ ဆံ့ သံကူ ကွန်ကရစ် ရေစင်ကို မေလ ၇ ရက်နေ့မှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် (၃၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ရာ ၎င်းရေစင်ကို အောက်တိုဘာလအကုန်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေစင်မှ မိတ္ထီလာမြို့ပေါ်ရှိ စျေးအရှေ့အပြင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရတနာမာရ်အောင် ရပ်ကွက် ၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်များအား သောက်သုံးရေများကိုအလှည့်ကျစနစ်ဖြင့်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
ဦးသိန်းမြင့်ကျော်
ခရိုင်ပြန်/ဆက်ရုံး၊မိတ္ထီလာမြို့
၀၉၇၈၀၂၄၂၅၀၃