Stay At Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားသည့် မိုးကောင်းမြို့နယ်၌ နေ့လယ်(၁၂)နာရီနောက်ပိုင်း အပြင်ထွက်သူများအား ရှောင်တခင်စစ်ဆေး

မိုးကောင်း         ဩဂုတ်   ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ်ထိန်းချုပ်ရေး အတွက် အသွားအလာကန့်သတ် ရှောင်တခင်စစ်ဆေးမှုကို မိုးကောင်းတံတားထိပ်၊ ပြည်ထောင်စုလမ်းမမီးပွိုင့်လမ်းဆုံနှင့် သံလွင်လမ်းထောင့် လမ်းဆုံတို့၌ ဩဂုတ်လ(၁၂)ရက်နေ့ ညနေ (၃)နာရီမှ (၄)နာရီခွဲထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက မိုးကောင်းမြို့နယ်အား Stay At Home သတ်မှတ် စည်းကမ်းချက်နှင့်အညီ Stay At Home နေထိုင်စေရေးနှင့် စည်းကမ်း မလိုက်နာသူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း သတိပေးဆောင်ရွက်ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း နေ့လယ်(၁၂)နာရီနောက်ပိုင်း အပြင်ထွက်သူများအား ရှောင်တခင် စစ်ဆေး တွေ့ရှိပါက ဒဏ်ရိုက် အရေးယူမည့်အချက် ပါဝင်သည်။

ထို့ပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကန့်သတ်ထိန်းချုပ်သည့်အနေဖြင့် မနက်(၆)နာရီမှ နေ့လယ် (၁၂)နာရီအတွင်း ဈေးဝယ်ထွက်လျှင် ဈေးဝယ်ကတ်ဖြင့် ဈေးဝယ်ထွက်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက အပြင်ထွက်ကတ်ဖြင့် ဆိုင်ကယ်တစ်ဦးတည်းသာစီးရန်၊ အပြင်ထွက်ကတ်ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သွားရောက်ထုတ်ယူထားကြရန် ဖြည့်စွက်သတိပေး မှာကြားချက် များ ပါဝင်ကြောင်းသိရသည်။

မိုးကောင်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာအမျိုးသား (၃၈၅)ဦး၊ အမျိုးသမီး (၅၆၆)ဦး စုစုပေါင်း လူနာ(၉၅၁) ဦး ရှိပြီး ဆေးရုံဆင်း(၆၅၂)ဦး၊ သေဆုံးသူ(၃၈)ဦး ရှိကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)