ဗန်းမော် ဩဂုတ် ၁၁
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နှစ်စဉ်မိုးတွင်းကာလ၌ ကြုံတွေ့နေရသော သဘာဝဘေး အန္တရာယ်ဖြစ်သည့်ရေကြီးရေလျှံမှုကို ဖြစ်ပွားလာပါက ရွှေ့ပြောင်းထားရှိနိုင်သည့် နေရာများ ပြင်ဆင် ဆောင်ရွက်မှုကို ယနေ့ နံနက် ၉ နာရီက မြို့နယ်သဘာဝဘေး အန္တရာယ်ရှာဖွေ ကယ်ဆယ်ရေးကော်မတီဝင်များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီစဉ်ဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ်အတွင်း၌ ဧရာဝတီမြစ်ရေမြစ်မြင့်တက် လာပြီး ဒေသခံပြည်သူများ၏ နေအိမ်နှစ်မြှုပ်မှုကြုံတွေ့လာပါက ထားရှိနိုင်မည့်နေရာများကို မြို့နယ်သဘာဝဘေး အန္တရာယ်ရှာဖွေကယ်ဆယ်ရေး ကော်မတီဝင်များက အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိရာ အဖွဲ့(၁)သည် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဆင်းကုန်းရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာမူလူတန်းကျောင်းနှင့် ပေါက်ကုန်း ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာမူလတန်း ကျောင်းတို့ကို လည်းကောင်း၊ အဖွဲ့(၂)သည် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် လည်းကောင်း ကွင်းဆင်းခဲ့ကြပြီး ပြည်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်နိုင်ရေးနှင့်ကျန်းမာရေး ဆောင်ရွက်ပေးနိုင်မည့်နေရာများကို ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့နယ်တွင် ဩဂုတ် ၁၁ ရက် မွန်းတည့် ၁၂ အချိန်တွင် ဧရာဝတီမြစ်ရေ(၇၀၇) စင်တီမီတာအထိ မြင့်တက်လာပြီး ဗန်းမော်မြို့နယ်၏ စိုးရိမ်ရေအမှတ်သည် (၁၁၅၀)စင်တီမီတာ ဖြစ်ကြောင်း ဗန်းမော်ခရိုင် မိုးလေဝဒေနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)