မန်ကန်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိ

မန်ကန်   ဩဂုတ်   ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကြို တင်ကာကွယ်နိုင်ရန်အတွက်  မန်ကန်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့မှ မန်ကန်မြို့အဝင်မှ  လမ်းမကြီးတစ်လျှောက်၊ မြို့တွင်းရပ်ကွက်များနှင့် မြို့အတွင်းလူစည်ကားသည့်နေရာများသို့ သွားရောက်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကျန်းမာရေဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များတွင် လက်ရှိအချိန်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း များပြားနေပါသဖြင့် မဖြစ်မနေအိမ်တွင်း၌ သာနေထိုင်ကြရန်၊ မဖြစ်မ‌နေ အပြင်ထွက်ရန်လိုအပ်ပါကပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် ကြရန်၊ အခြားသူများနှင့်အနည်းဆုံး (၆)ပေကွာ၍ခပ်ခွာခွာနေရန်၊ နှာခေါင်းစည်း (Mask)မတပ် သူများနှင့် တွေ့ဆုံခြင်း၊  စကား ပြောခြင်း၊ လူများစုဝေးနေသော ဆိုင်တွင်ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကိုရှောင်ကျဉ်ရန်၊ လက်ကိုဆပ်ပြာ ဖြင့်စက္ကန့် ၂၀ ကြာအောင်မကြာခဏဆေးကြောရန်၊ အပြင်ကပြန်လာပြီးတိုင်းအဝတ်အစား မလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်မီ အိမ်သားများ နှင့်အနီးကပ်ထိတွေ့ခြင်းမှရှောင်ကျဉ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်း မာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် စသည့် အချက်များကို (Hand speaker)ဖြင့် (ရှမ်း၊ ဝ၊ ဗမာ)သုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများကို မန်ကန်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ နေ့စဉ် (Hand speaker)ဖြင့် အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်ဇင်ထက်