တိုက်ကြီး ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ချက်များအား သိရှိနိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါနှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ချိန်တိုင်း Mask ကို စနစ်တကျတပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူစုလူဝေးနှင့် ဈေးဝယ်ထွက်ခြင်းများ ရှောင်ကြဉ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကြရန် နှင့် လက်ရှိ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို တိုက်ကြီး မြို့နယ်အတွင်း ဩဂုတ် လ ၁ ရက်နေ့ မှ စ၍ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုး နှံရန် ကျန်ရှိနေသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာများတွင် စာရင်းပေးသွင်းပြီး ဆေးထိုး ပေးမည့် သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူ များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ သွားလာနေထိုင်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများသိရှိနေစေရန် အသိပညာပေးနှိုးဆော်တိုက်တွန်းလျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)