မိုင်းယု ဩဂုတ် ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးအစေ့ထုတ်ပြောင်းများ ခူးဆွတ်ရိတ်သိမ်းပြီး၍ ဒေသတွင်း ပြန်လည် ရောင်းချ ရာမှ ဈေးကောင်းရကာ အကျိုးအမြတ်များစွာရလျက်ရှိသည်။
မိုးအစေ့ထုတ်ပြောင်းကို ဒေသတွင်း ကုန်သည်များထံ ရောင်းချလျက်ရှိပြီး လက်ရှိပြောင်း တစ်ကီလိုလျှင် ငွေကျပ် ၃၅၀ ကျပ်ပေါက်ဈေးရှိပြီး ကီလို ၅၀ ပါ တစ်အိတ်လျင် ငွေကျပ် ၁၉၅၀၀ ကျပ် ရရှိကာ တစ်ဧကလျှင် ၈၀ တင်းခန့်ထွက်ရှိမည်ဆိုပါက ငွေကျပ် ၇၀၀၀၀၀ ထိရရှိ ကြောင်းနှင့် တစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၃၅၈၀၀၀ သာကုန်ကျမည်ဖြစ်၍ အမြတ်ငွေမှာ ကျပ် ၃၄၂၀၀၀ ထိရရှိပါဖြစ်ကြောင်း ပြောင်းစိုက်ပျိုး ရောင်းချသူက ပြောသည်။
မိုင်းယုဒေသတွင် စိုက်ပျိုးကြသည့် ပြောင်းမျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ဧကမှာ ၂၂၉၀ ဧက ကျော်ရှိကြောင်း၊ မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာ စိုက်ပျိုးလျက်ရှိပြီး မိုးရာသီကို အဓိက အားထားစိုက်ပျိုးကြကြောင်း သိရသည်။
ကိုကိုနိုင်