မူဆယ် ဩဂုတ် ၁၁
မူဆယ်မြို့ နန်းတော်ဂိတ်(နယ်စပ်ဝင်/ထွက်ဂိတ်)တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ရွှေ့ပြောင်း လုပ်သားများဖြစ်သော မြန်မာနိုင်ငံသားများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့နေမှုကြောင့် မိခင်မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၆ ရက်နေ့ မှစတင်ပြီး ပြန်လည်ဝင်ရောက်ခဲ့ရာ တရုတ်နိုင်ငံရှိ ဒေသအာဏာပိုင်များမှ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသားများအား ၁၁-၈-၂၀၂၁ ရက်နေ့၌ လွှဲပြောင်းခြင်းကို တရုတ်နိုင်ငံနယ်စပ် အာဏာပိုင်များက ယာယီခဏ ပိတ်ပင်သွားမည် ဖြစ်ကြောင်း ပြောကြားလာမှုကို သိရသည်။
သို့ပါ၍ မြန်မာနိုင်ငံ မူဆယ်မြို့ရှိနယ်စပ်ဒေသ တာဝန်ရှိသူများ၏ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု များကြောင့် ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့ထိ နေရပ်ပြန် စုစုပေါင်း ၄၃၇၂ ဦး ဖြစ်ပြီး ယမန်နေ့ (၁၀-၈-၂၀၂၁)ရက်နေ့တွင် အမျိုးသား ၁၅၉ ဦး၊ အမျိုးသမီး ၁၂၃ ဦး စုစုပေါင်း ၂၈၂ ဦးနှင့် ယနေ့ထိ စုစုပေါင်း နေရပ်ပြန် ၄၆၅၄ ဦး ပြန်လည်ဝင်ရောက်လာမှုကို လက်ခံပေးလျက်ရှိပါသည်။
အဆိုပါ နေရပ်ပြန်များကို လက်ခံကြိုဆိုနေရချထား ပေးလျက်ရှိသော မူဆယ်မြို့နန်းတော် ဂိတ်ပေါက်တွင် နေရပ်အသီးသီးသို့ ပြန်နိုင်ရန် မော်တော်ယာဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ဒေသအသီးသီးသို့ ထွက်ခွာသည့် မော်တော်ယာဉ်များ၏ ယာဉ်စီးခများကို ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးထားကြောင်း၊ နေရပ်ပြန်များကို ထမင်းဘူးနှင့် ရေသန့်များကိုလည်း အခမဲ့ဝေငှပေးလျက်ရှိကြောင်းနှင့် အခါအားလျော်စွာ မူဆယ်မြို့ရှိ တာဝန်ရှိသူများမှ လာရောက် အားပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ယနေ့နံနက်ပိုင်းတွင် နေရပ်ပြန်များအား လွှဲပြောင်းပေးခဲ့ ပြီးနောက်တရုတ်နိုင်ငံဖက်မှ တာဝန်ရှိသူများက ယနေ့မှစတင်ပြီး နေရပ်ပြန် လွှဲပြောင်းပေးခြင်းအား ယာယီခဏရပ်နားမည်ဖြစ်ကြောင်း သိရှိရပြီး တရုတ်နိုင်ငံ အတွင်းပိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရန် ကျန်ရှိနေသဖြင့် နှစ်နိုင်ငံ တာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပြီးမှသာ နေရပ်ပြန်များ ပြန်လည်စေလွှတ် မည့်ရက်ကို ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)