ရန်ကင်းမြို့နယ်၌ အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်စက်နှင့် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများ လှူဒါန်း

ရန်ကင်း သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများနှင့် အသက်ရှုကြပ် လူနာများအတွက် ကူညီကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အသက်ကယ်(လေ) အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင်စက်နှင့်ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးသုံးဆက်စပ်ပစ္စည်းများအား မိုးစေတနာ ပရဟိတ(ရန်ကုန်)သို့ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးစေတနာပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတလူမှု ကူညီရေးအဖွဲ့နှင့် တာဝန်ရှိသူများကသက်ဆိုင်ရာဆေးရုံ၊ Quarantine Centreများသို့ နေ့စဥ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် Apple အထည်လုပ်ငန်းမှ အောက်ဆီဂျင် 40 lt အိုး(၃)လုံးနှင့် FlowMeter(၃)ခု၊ Nara Thai Company Ko Htut Htake မှအောက်ဆီဂျင် 40lt အိုး(၁)လုံးနှင့် FlowMeter(၁)ခု၊ ဗဟန်းမြို့နယ်နေမမေဖြူမှ V Shield (၅)ခု၊  ရန်ကင်းမြို့နယ် နေကိုအောင်ဦးမှ Surgical Mask (၅)ဖာ၊  ရန်ကင်းမြို့နယ် အမှတ် ၁၂ရပ်ကွက်ကံဘဲ့အေးဂျင်းမုန့်ဆိုင် မစန္ဒါမိသားစုမှအောက်ဆီဂျင်စက် 10lt စက်တစ်လုံးတို့အားလာရောက် လှူဒါန်းရာ မိုးစေတနာပရဟိတလူမှုကူညီရေးအသင်း(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့်ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် မိုးစေတနာပရဟိတအဖွဲ့အနေဖြင့် ပုံမှန် လူမှုကူညီရေးလုပ်ငန်းများနှင့် အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါကလည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါမိုးစေတနာပရဟိတအသင်း(ရန်ကုန်)သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် အသက်ကယ်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လှူဒါန်းလိုပါက ဖုန်း၀၉ ၅၄၀၃၅၂၉ ဒေါ်ခင်မြအေး (အသင်းဥက္ကဋ္ဌ)သို့ ကာလဒါနအကျိုး၊  အလှူတော်များ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)