သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန် သြဂုတ် ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အ-ထ-က(သုဝဏ္ဏ)ကျောင်း၌ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ သင်္ဃန်းကျွန်းမြို့နယ် အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ (၂)ရက်နေ့မှာ စတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်၊  ယနေ့ အ-ထ-က(သုဝဏ္ဏ)ကျောင်းမှာ ဆေးထိုးရန် ကျန်ရှိသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွား (၂၀၀)ဦးအား ထိုးနှံပေးသွားမှာပါ၊ ဆက်လက်ပြီး သတ်မှတ်အုပ်စုအလိုက် အစိုးရပုဂ္ဂလိက ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကိုလည်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့လည်း ရောဂါကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးကို ထိုးနှံစေချင် ပါတယ်ဟု’’ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံထူး” က ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှ ကာကွယ် ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်စီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက် ပြီးမှသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)