ဒဂုံ သြဂုတ် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုမှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်များအလိုက် အလှည့်ကျ (၁.၈.၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ သက်ကြီးဘိုးဘွားနှင့် ရဟန်းသံဃာ၊ သီလရှင်များ၊ ဌာနဆိုင်ရာအဆင့် ဝန်ထမ်းများ၊ ဦးတည်အုပ်စုများ(၁၅၀၆)ဦးကို ယမန်နေ့က နောက်ဆုံး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံမှုတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်မှ ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန့်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ မြိုနယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း သိရသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)