ကျိုင်းတုံ သြဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်၍ မိုင်းပန်အောက်အုပ်စု ပုံဆိုင်းကျေးရွာရှိ ရွာတွင်းချောင်းကူးတံတားအား မြစိမ်းရောင် အတိုးရငွေဖြင့် တည်ဆောက်မည့် အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်နှင့် ဝန်ထမ်းများက ရွာတွင်းချောင်းကူးတံတား ရေတိုက်စား ပျက်စီး နေမှု အခြေအနေများနှင့် ပြန်လည်တည်ဆောက်သွားမည့် အခြေအနေများအား ကျေးရွာ မြစိမ်းရောင် ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ကြည့်ရှု ခဲ့ကြ သည်။
အဆိုပါ ရွာတွင်းချောင်းကူးတံတားဟောင်းမှာ ယခင်ကျေးရွာနေပြည်သူများက ကိုယ့်အား ကိုယ်ကိုး အစီအစဉ်ဖြင့် ဝါးတံတား (အလျား(၄၅)ပေ အကျယ် ၁၂ပေ) ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ရေတိုက်စားခြင်း၊ နှစ်ကာလကြာမြင့်၍ ပျက်စီးနေခြင်းတို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင်အတိုးရငွေ အစီအစဉ်ဖြင့် (အလျား(၄၅)ပေ အကျယ် ၁၂ပေ) ကျောက်ရိုးစီ သစ်သားတံတားတစ်စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးရဲခေါင်ထံမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)