ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီ ပြီးစီး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လောက်ကိုင်      ဩဂုတ်    ၁၃

ရှမ်းပြည်နယ်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ်တွင် ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် ရပ်ကွက်/ကျေးရွာများရှိ ဆောင်ရွက်ပြီး လုပ်ငန်းများဖြစ်သည့်  ကွန်ကရစ်ခင်းခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်း၊ ယင်လုံအိမ်သာ တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများအား projector ( ပရိုဂျက်တာ) ဖြင့် ပြသ၍ ရှင်းလင်း ဆွေးနွေးကာ ကျန်ရှိသည့်ကျေးရွာများအနေဖြင့်  လုပ်ငန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် နှင့် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင် တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုနှင့်ပက်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားကာ  တက်ရောက်လာသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံများက မိမိတို့ ၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးကျော်နီနိုင် ၊  မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်  ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ ၊ ရပ်ကွက်/ကျေးရွာစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)