မူဆယ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၂၀၂၀)ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၇၆)ပါ ပြဌာန်းချက်ကို ပြည်သူများသိရှိနားလည်နိုင်ပြီး လိုက်နာကျင့်သုံးနိုင်ရန် အတွက် ဩဂုတ်လပထမပတ်မှ စတင်ပြီး မူဆယ်မြို့၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုက အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသည်။
“ဆိုင်ကယ်စီးနင်းတဲ့ပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရလေအောင် ဆိုင်ကယ်ဦးထုပ် ဆောင်းကြဖို့နဲ့ နေ့ခင်းဘက်ရော၊ ညဘက်မှာပါ ဆိုင်ကယ်ရှေ့မီးနိမ့်ဖွင့်ပြီး ဆိုင်ကယ်မောင်းနှင်ပြီး သွားလာ ကြဖို့ လိုအပ်ပါတယ်၊ ဒါ့ပြင်ဆိုင်ကယ်နောက်ကြည့်မှန်၊ နံပါတ်ပြားတပ်ဆင်အသုံးပြီး ဆိုင်ကယ်စီးနင်ကြဖို့အတွက် မူဆယ်မြို့၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုက လက်ကမ်းစာစောင်(၅၀၀)နှုန်း နေ့စဉ်ဖြန့်ဝေခြင်းနဲ့ အသိပညာ ပေး လုပ်ငန်းတွေကို ဟန်ချက်ညီညီနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်”လို့ မူဆယ်မြို့၊ အမှတ်(၁၂၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူးချစ်စိန်က ပြောသည်။
ဆက်လက်ပြီး ယာဉ်စည်းကမ်းလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို (SONIC)အမျိုးအစား ဆိုင်ကယ်ဦး ထုပ်များကို ချီးမြှင့်မည်ဖြစ်ပြီး အသိပညာပေးကာလပြီးဆုံးပြီးနောက် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ် စီးနင်းသူများကို အရေးယူဆောင်ရွက်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)