ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinopharm ကို တာလေမြို့၌ ဒုတိယအသုတ်ထိုးနှံပေး

တာလေ      ဩဂုတ်      ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊  တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး  sinopharm ကို ပထမသုတ်အဖြစ်၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၃ ရက်နေ့အတွင်း ထိုးနှံပေးခဲ့ပြီး ဒုတိယအသုတ်အဖြစ် တာလေမြို့အတွင်းရှိ အသက်(၆၅)နှစ် အထက် ဒေသခံပြည်သူများကို အ.ထ.က(တာလေ) ကျောင်းဝင်း အတွင်း ချယ်ရီခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ 

 

တာလေမြို့တွင် “ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinopharm ဒုတိယ အသုတ်  ဆေးထိုးနှံခြင်း အစီအစဉ်တွင် ဦးစားပေးအုပ်စု(၅)ခုအတွင်း ပါဝင်သော အသက်(၆၅) နှစ်နှင့်အထက်ရှိ သက်ကြီး မိဘပြည်သူများ ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ Volunteer ပရဟိတ ကျန်းမာရေး အကျိုးဆောင်များ ၊ ဘိုးဘွားရိပ်သာများရှိဘိုးဘွားမိဘပြည်သူများ ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ မှ သာသနာ့ဝန်ထမ်းများ ၊ ဘုန်းကြီးများ ၊ သီလရှင်များ နှင့် ယခင် ပထမအသုတ်အတွင်း ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများကို တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ “ချယ်ရီ”ခန်းမ‌ ဆောင်၌ သတ်မှတ်ကာလဖြစ်သည့် ယနေ့ ဩဂုတ် ၁၀ ရက်အတွင်း အပြီးသတ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း” တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm) ထိုးနှံပေးခြင်းမှာ ပထမအကြိမ်ဖြစ်ပြီး တာလေမြို့အတွက် ယခုဒုတိယအသုတ် ခွဲဝေရရှိသည့် ဆေးအလုံးရေ (၁၀၀)ကို ကာကွယ်ဆေးထိုးမည့် လူဦးရေ (၂၀၀ ) ဦးအား သတ်မှတ်ကာလဖြစ်သည့် ယနေ့ ဩဂုတ် ၁၀ ရက်အတွင်း အပြီးသတ်ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကျော်မိုး