ဇမ္ဗူသီရိ ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ (၁၀၀၀) ဦးစာ ထပ်မံရရှိသည့်အတွက် ထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ဘဏ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ Volunteer များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ယနေ့နံနက် (၉) နာရီက အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့မှ မနက်ဖြန်အထိ ကာကွယ်ဆေးများအား ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ပြီး ယနေ့ နေ့လည် (၂) နာရီအထိ (၄၅၀) ဦးအား ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။