ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၀

ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသတွင်းဆေးဝါးနှင့် ဆေးဝါးပစ္စည်း များ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးပေး နိုင်ရေးတို့ အတွက် ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချူပ် က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့ရှိ ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ် များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်နယ်အတွင်းဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒေသတွင်း ပြည်သူများလိုအပ် သည့် ဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် အဓိကပံ့ပိုးကူညီနေကြသည်မှာ ဆေးဆိုင်များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလိုကပ်ရောဂါဖြစ်ပွားစည်ကာလအတွင်း ဆေးဆိုင်များ ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချရေး၊ ဈေးနှုန်းတည်ငြိမ်ရေးသည် လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေ‌ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ညှိနှိုင်းပေါင်းစပ်၍ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်က ဆေးဝါးနှင့် ဆေး ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက် သွားမည်အစီအစဉ်များ၊ ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအတွက်လို အပ်ချက်သည်များကို ဆောင်ရွက်ပေး သွားမည့် အစီစဉ်များနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဆေးဆိုင်များ၏ ဆေးဝါးရောင်းချမှုသည် ပြည်သူများအတွက် အဓိကကျသည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆေးဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များက ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချပေးနေမှု၊ ဆေးဝါးပစ္စည်းများ မှာယူတင်သွင်း နိုင်မှု အခြေအနေများနှင့် လိုအပ်သည့်အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းဆွေး နွေးခဲ့ကြရာ ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချ ဖြန့်ဖြူး ပေးနိုင်ရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်