ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ရှိ သဇင်ဆောင်တွင် ကျင်းပသော ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး လူနာများ စတင်လက်ခံရန် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စင်တာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထက်ကမ္ဘာ့ကျော် ကုမ္ပဏီမှ ဒါရိုက်တာ ဦးထက်ဖြိုးအောင် (ခေါ်) ကိုသားငယ်မှ အလှူငွေကျပ် သိန်း (၁၀၀၀)၊ ဦးနေဝင်းမောင်နှင့် ဒေါ်မြင့်မြင့်ဌေး မိသားစုမှ ကျပ်သိန်း (၁၀၀)၊ တရုတ်နိုင်ငံ ကျန်စုပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကျပ်သိန်း (၂၉၀)တန်ဖိုးရှိ Medical Ventilator (၁)လုံး၊ JTY (Myanmar)ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများမှ ကျပ်သိန်း (၂၅၀)၊ Sudey Industrial Myanmar ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများမှ ငွေကျပ်သိန်း (၂၅၀)၊ Golden Tri-Light Myanmar ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများမှ ကျပ်(၂၅၀)၊ New Forest ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီများမှ ငွေကျပ်သိန်း (၂၅၀) တို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဇိဝကပရဟိတအဖွဲ့က လှူဒါန်းထားသည့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အိပ်ယာ၊ ခြင်ထောင်၊ ကုတင် နှင့် ပြင်ဆင်ဆောက်လုပ်ထားသည့် ရေချိုးခန်း၊ အိမ်သာများ၊ လူနာမှတ်ပုံတင်ခန်း၊ PPE ဝတ်စုံ လဲလှယ်သည့် အခန်းနေရာများ၊ Centrol Room နှင့် အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ပြီးစီးမှုများ၊ HDU အခန်းပြင်ဆင်ထားရှိမှု၊ စင်တာ အတွက် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ချိပေးနေမှု၊ Medical Team & Store တွင် ဆေးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ထားရှိမှုများ၊ ပတ်ဝန်းကျင်အား ထိခိုက်သက်ရောက်မှုနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး စီစဉ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ စင်တာ-တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာအေးအောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
အဆိုပါ စင်တာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာများကို သြဂုတ် ၁၀ ရက်နေ့မှ စတင်၍ လက်ခံကုသပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများသည် ပြည်သူ့ဆေးရုံ တက်ရောက် ရန်အတွက် မြို့နယ်ကျန်းမာရေး မှူးရုံးများတွင် စာရင်းပေးသွင်း အလှည့် စောင့်ဆိုင်းနေစဉ် ကာလအတွင်း မင်းဓမ္မလမ်း သာသနာ့ဗိမာန်တော်စင်တာ၊ လှိုင်စင်တာ၊ ရန်ကင်း(TTC)စင်တာ တို့တွင် ယာယီတက်ရောက် ကုသမှုခံယူနိုင်အောင် စီစဉ်ထားရှိပြီး အဆိုပါစင်တာများတွင် တပ်မတော်ဆေး တပ်ဖွဲ့မှ ပါရဂူနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ စင်တာကြီးကြပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် တာဝန်ပေးအပ်ထားသော ဆရာဝန်နှင့် သူနာပြုများ၊ Volunteer များက ဆေးဝါး၊ အောက်ဆီဂျင်၊ အစားအသောက် အပြည့် အစုံဖြင့် ပြုစုကုသစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး