ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး  သြဂုတ် ၈

 

ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် ကျယ်ဝန်းသော ပြည်နယ်ဖြစ်၍ ခရိုင်ပေါင်း(၁၂)ခု၊ မြို့နယ်ပေါင်း(၅၅)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၄)ခု၊ တိုင်းဒေသကြီး(၁)ခုပေါင်းစပ်ပြီး ပြည်နယ်တစ်ခုဖြစ်၍ မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံကျယ်ဝန်းသောဒေသ ဖြစ်ပါကြောင်း၊ လက်ရှိကမ္ဘာရာသီဥတုနှင့် မြန်မာ့ရာသီဥတုပြောင်းလာသည့် အခြေအနေကြောင့် သဘာဝဘေးအန္တရာယ်ပေါ်ထွန်းလာမှုကို တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင်၂၀၁၁-၂၀၁၂ခုနှစ်မှ ၂၀၂၀-၂၀၂၁ခုနှစ် (၁၀)နှစ်ကာလအတွင်းမှာ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ပေါင်း အမျိုးအစားပေါင်း(၁၂) မျိုးမှတ်တမ်းတင်ထားမှုရှိပါကြောင်း၊ အကြိမ်ပေါင်း(၂)ထောင်၊  အိမ်ထောင်စုပေါင်း(၉၉၀၀)ကျော်၊ လူဦးရေပေါင်း (၄၃၂၈၁၉)ဦး၊ ဘေးအန္တရာယ်ရောက်ရှိခဲ့ရပါကြောင်း၊ ဘေးအန္တရာယ်အတွက်ထောက်ပံ့မှုအနေဖြင့် ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း(၉၁၁၅)ကျော် ငွေသားကျပ်သိန်းပေါင်း(၂၇၆၀၀၅၆)သိန်း စုစုပေါင်းကျပ်သိန်းပေါင်း (၃၆၇၀၀)ကျော် ထောက်ပံ့ပေးဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ကြိုတင်ကာကွယ်မှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်ဘေးအန္တရာယ်ဖြစ် ပွားပါက အချိန်နှင့်တစ်ပြေးညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်အညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ပြည်နယ် ရှာဖွေကယ်ဆယ်ရေးကော်မတီ ပြည်နယ် လူမှုအထောက်အကူပြုပူးပေါင်းဆောင်ရွက်ရေးကော်မတီများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် သဘာဝဘေးနှင့် စစ်ဘေးရှောင်များ ထောက်ပံ့ကယ်ဆယ်နိုင်ရန်ကယ်ဆယ်ရေးကစ္စည်းများကိုပြည်နယ် ရုံးရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၇) ရုံး၊ရှမ်း(တောင်ပိုင်း)တွင်(၃)ရုံး၊ ရှမ်း(အရှေ့)တွင်(၅)ရုံး၊ စုစုပေါင်းနေရာ(၁၆)ခုတွင် စုထားပြီးအချိန်နှင့် တစ်ပြေးညီလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကယ်ဆယ်ရေးပစ္စည်း အမျိုးအမည် (၁၈)မျိုး၊ စုစုပေါင်းအရေအတွက်(၁) သိန်းကျော်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင်မီးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ လက်နက်ကိုင်ပဋိပက္ခဘေးများ အရေးပေါ်ကြုံပါက ရှောင်ပြေးရန်လမ်းကြောင်းများ၊ အရေးပေါ်ခိုလုံရန် နေရာများအဖြစ်မြို့နယ်အားကစားခန်းမများ၊ အခြေခံပညာကျောင်းများ သာသနာဗိမာန်များကို သတ်မှတ်ထားရှိခဲ့ပါကြောင်း၊ အခြားအရေးပေါ်ခိုလုံနိုင်ရန် ပင်လောင်း၊ သီပေါနှင့်ကျောက်မဲမြို့နယ်များတွင် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦး (Multi-Purpose Shelter)  (၃)လုံး တည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊ အရေးပေါ်ခိုလုံနိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်း(၆၁၃၇)ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်စုစု ပေါင်း(၁၉)ကျောင်း၊ အခြေခံပညာ ကျောင်းပေါင်း(၄၇၄၃)ကျောင်းရှိပါကြောင်း၊ ရှမ်းပြည်နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲ့မှုအနေဖြင့် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက မိမိတို့ကျရာအခန်းကဏ္ဍတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်က လက်ရှိမိုးတွင်းကာလ ရောက်ရှိလာခြင်းနှင့် လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်နေပြီး မုန်းတိုင်းများဝင်လာနိုင်သည့် အခြေအနေရှိပါကြောင်း  နိုင်ငံတော်အကြီးအကဲများကလည်း  သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေမှု နှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိပါကြောင်း၊ ပထမအကြိမ်သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုလဲထပ်မံဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်အတွင်းရှိဆည်များ၏ ဆောင်ရွက်ထားရှိမှု အခြေအနေသုံးသပ်တင်ပြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တင်ပြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)