ထန်းတပင်(ရန်ကုန်)၊ သြဂုတ် ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ်လ (၁)ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့အထိ စုရပ်နေရာ(၈)ခုတို့တွင် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာမှာ စုရပ် နေရာ(၈)ခုတို့တွင် ကာကွယ်ဆေးထိုးနှံသူ (၃၁၈၈)ဦးရှိကြောင်းသိရပြီး ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကို လည်း ကာကွယ်ဆေးထပ်မံရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွက် ခွဲတမ်းက ကာကွယ်ဆေးအလုံးရေ လောလောဆယ်(၁၆ဝဝ)ရတယ် အဲဒါကို သြဂုတ်လ(၁)ရက်နေ့ကနေ သြဂုတ်လ(၇)ရက်နေ့အထိ စုရပ်(၈)နေရာမှာ လူဦးရေ သုံးထောင် ကျော်ကို ထိုးနှံပေးပြီးသွားပြီပေါ့ ကာကွယ်ဆေးထပ်မံထိုးနှံပေးဖို့ကြတော့ ကာကွယ်ဆေးနောက်ထပ် ရတဲ့အပေါ်မှာ မူတည်နေတာပေါ့ လက်ရှိကာကွယ်ဆေးကလောလောဆယ် မရသေးတော့ ဆေးထပ်ရမှာဘဲ ကာကွယ် ဆေးထိုး နှံရေးလုပ်ငန်းကို ဆက်လက်ပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟုခေတ္တ မြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်ကဆိုသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ထန်းတပင်မြို့မ အားကစားကွင်း၊ တက်သစ်တိုက်နယ် ဆေးရုံ၊ အထက(ကျူတော)ကျောင်း၊ အထက(ခွဲ)အုတ်ဖိုကျောင်း၊ လှည်းဆိပ်တိုက်နယ်ဆေးရုံ၊ နဲသမိန် တိုက်နယ်ဆေးရုံ၊ ဒိတ်ကုန်ဘုန်းတော်ကြီးကျောင်းနှင့်အေးမြို့ ဓမ္မာရုံစုရပ်နေရာ(၈)ခုတို့တွင်ထိုးနှံပေး ခြင်း ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံသည့် ဦးရေအနေဖြင့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် (၁၉၇)ပါး၊ အသက်(၆၅)နှစ်အထက်အဘိုးအဘွား (၁၆၅၁)ဦး၊ နိုင်ငံ့ဝန်ထမ်း (၂၅၆)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု (၆၁၄)ဦး၊ စေတနာ့ဝန်ထမ်း(၄၃၂)ဦး၊ စျေးသူ/သား(၃၂)ဦးနှင့် အချုပ်သား(၆)ဦး စုစုပေါင်း (၃၁၈၈)ဦး ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)