မိုင်းလုံ သြဂုတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်း (၉:၀၀)နာရီ အချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုးအစားကာကွယ်ဆေးကို ထပ်မံထိုးနှံပေးကြောင်း သိရသည်။
ပထမအကြိမ်ရရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး(၅၀)လုံးကို (၃၁.၇.၂၀၂၁)ရက်နေ့မှ (၂.၈.၂၀၂၁)ရက်နေ့ အထိ ကျေးရွာနေအသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေးအဖြစ် ထိုးနှံပေးပြီးမှ ကျန်ရှိကာကွယ်ဆေးများကို ဝန်ထမ်းများ၊ ပရဟိတများနှင့် ဈေးရောင်းသူများအား ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။
မိုင်းလုံမြို့အနေဖြင့် ဒုတိယအကြိမ်ရရှိသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အလုံး(၅၀)လုံးကို အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိသော မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာနေ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများ နှင့်ကာကွယ်ဆေးမထိုးရသေးသည့် ဝန်ထမ်းမိသားစုများ၊ ပရဟိတများ၊ ကားဆရာများနှင့် ဈေးရောင်းသူများကို ဆက်လက်ထိုးနှံပေးရာ ယနေ့ မွန်းတည့် (၁၂:ဝဝ)နာရီအချိန်ထိ ဆေးလာရောက်ထိုးနှံသူ(၅၀)ဦးရှိပြီး ဆေးထိုးနှံရာတွင် ကျောင်းဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်း များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။
မိုင်းလုံမြို့ရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးမည်ဆိုပါက မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စာရင်းပေးသွင်း၍ ဆေးထပ်မံရောက်ရှိပါက ထိုးမည့်ရက်ကို အကြောင်းကြားပေးမည်ဖြစ်ကြောင်း မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
ဇော်(ပတ္တမြားမြေ)