မြိတ်မြို့တွင် အသက်(၆၅)နှစ်အထက်များနှင့် စက်ရုံ/အလုပ်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မြိတ်  ဩဂုတ်  ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက်များ နှင့် စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများအား ယနေ့နံနက်ပိုင်း၌ ဆေးထိုးနေရာများဖြစ်သည့် ပုလဲရတနာခန်းမ၊ သားဖွားသင်တန်းကျောင်းနှင့် ခရိုင်အားကစားခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနေရာ(၃)နေရာတွင် အဖွဲ့(၅)ဖွဲ့ဖြင့် ကျန်းမာရေးဝန်ထမ်း၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့် အထက်များအား ဦးစားပေး ထိုးနှံပေးလျက်ရှိပြီး ပရဟိတအဖွဲ့ဝင်များ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ တည်းခိုခန်း ဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိသည်။     

မြိတ်မြို့တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ဇူလိုင်လ(၃၁)ရက် နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ဩဂုတ်လ(၇)ရက်အထိ ရပ်ကွက်/ကျေးရွာများနှင့် ဘိုးဘွားရိပ်သာမှ အသက် (၆၅)နှစ်နှင့်အထက်(၃၀၀၀)ကျော်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊  ထို့အတူ သံဃာတော်နှင့် သီလရှင်များ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်နေသူများနှင့် စက်ရုံ/အလုပ်ရုံဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိရာ စုစုပေါင်း(၇၄၉၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြိတ်မြို့နယ်အနေဖြင့် ကာကွယ်ဆေးအလုံးရေ (၄၆၉၅)လုံး ရရှိပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ  ကာကွယ်ဆေးထိုး နေရာ(၃)နေရာဖြစ်သည့် ပုလဲရတနာ ခန်းမတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့၊ သားဖွားသင်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့နှင့် ခရိုင်အားကစားခန်းမတွင် ဆေးထိုးအဖွဲ့(၁)ဖွဲ့ စုစုပေါင်းဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် တာဝန် ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး