တောင်ကြီး ဩဂုတ် ၇
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့နယ်၌ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု ရှိ/မရှိနှင့် အိမ်အပြင်ထွက်ပါက သတ်မှတ် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ခရိုင်နှင့် မြို့နယ်ပူးပေါင်း စစ်ဆေးရေး အဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက အဖွဲ့များခွဲကာ တောင်ကြီးမြို့အတွင်း ဈေးများ၊ လမ်းဆုံများ၊ မော်တော်ယာဉ်ဂိတ်များ၊ စားသောက်ဆိုင်များတွင် လှည့်လည်စစ်ဆေးခဲ့ပြီး သတ်မှတ်စည်း ကမ်းမလိုက်နာသူများအား အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တောင်ကြီးခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင် သော ခရိုင်ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့သည် Stay at Home အစီအစဉ်တွင် ပါဝင်သော တောင်ကြီးမြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ ပြည်သူများ နယ်မြေကျော် ဖြတ်သန်းခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံ ဆေးခန်းပြသခြင်းတို့အတွက် နေအိမ်ပြင်ပထွက်ခွာသွားရောက်ပါက နယ်မြေဖြတ်သန်းခွင့် ကတ်ပြားများ၊ ဝန်ထမ်းများကဝန်ထမ်းကတ်ပြားများ တစ်ပါတည်းယူဆောင်၍ Stay at Home ကာလ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာမှုရှိ/မရှိကို တောင်ကြီး မြို့အတွင်း ဈေးများ၊ လမ်းဆုံများ၊ မော်တော်ယာဉ်ဂိတ်များ၊ စားသောက်ဆိုင် များတွင် စစ်ဆေး ခဲ့ပြီး တောင်ကြီးမြို့အတွင်း Stay at Home သတ်မှတ်ထားသည့် ကာလ၌ ထုတ်ပြန် ကြေညာချက်များနှင့် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းများကို လိုက်နာမှုမရှိသူ(၁၉)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
နိုင်ဝင်းထွန်း