ညောင်ဦး ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃ ရက်နေ့တွင် အသက် ၆၅နှစ်အထက်သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့ လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများပင်ပန်းမှုသက်သာ စေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ် (၇)နေရာအပြင်၊နောက် ထပ်သုံးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုအသက်၆၅နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများအား သတ်မှတ်စုရပ် ၁၂ နေရာ တွင် တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် အနော်ရ ထာခန်းမတွင် သတ်မှတ်နေရာ (၇)နေရာတွင် စီစဉ်ထိုးနှံပေလျက်ရှိရာ၊ မြို့စွန်မြို့ဖျားနေရာများမှ ညောင်ဦးမြို့ပေါ်လာရောက်ထိုးနှံရာတွင် အခက်အခဲမဖြစ်ပေါ်စေရန်အတွက် စဉ့်ကူနယ်မြေ၊ ငါ့သရောက်နယ်မြေနှင့် တောင်ဇင်းနယ်မြေ သုံးခုထပ်မံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်ဇူလိုင် ၃၁ရက်နေ့မှ ဩဂုတ် ၄ ရက်နေ့အထိ ၁၆၀၀ ဦးထိုးနှံပေးနိုင်ခဲ့ပြီး၊ ဇူလိုင် ၆ရက်နေ့မှ ဇူလိုင် ၇ရက်နေ့(ယနေ့)အထိ ၇၈၀ ဦးထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရကာ ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ တို့မှ ဆေးထိုးနှံမှုစနစ်တကျရှိစေရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအကျိုးပြုပရဟိတအဖွဲ့များက ကူညီဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကိုထိန်၊KPD