နမ္မတူတွင် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး

နမ္မတူ  ဩဂုတ် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား တစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ (၃၀)ရက်နေ့မှ ဩဂုတ်လ (၂)ရက်နေ့အထိ နမ္မတူမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၇၃)ဦး၊ သာသနာပြုပုဂ္ဂိုလ် (၆)ဦး၊ ပရဟိတအသင်းအဖွဲ့ဝင် (၆၇)ဦး၊ နိုင်ငံဝန်ထမ်း (၄၇)ဦး၊ ဝန်ထမ်းမိသားစု (၉၀)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ (၂၄)ဦး စုစုပေါင်း (၅၀၇)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်သည်။

ယခုအကြိမ်တွင် ဦးစားပေးအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ကာကွယ်ဆေးအလုံးရေ (၃၆၁)လုံးရရှိခဲ့ရာ လူဦးရေ (၇၂၂)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းမှ စတင်ကာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ကာကွယ်ဆေးထိုးနှံရန်နေရာ (၂)နေရာခွဲ၍ မြို့နယ်အတွင်းရှိ ဈေးသည်များအား ဦးစားပေး ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ စစ်ဗျူဟာ အခြေချ (နမ္မတူ)မှ ဆေးဆရာဝန်များ၊ သူနာပြုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နမ္မတူမြို့နယ်၌ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၁၅၉)ဦးရှိခဲ့ပြီး၊ ဆေးရုံဆင်းခွင့် ရရှိသူ (၇၁)ဦးရှိကာ (၅)ဦးသေဆုံးခဲ့ပြီး၊ ဆေးကုသမှုခံယူနေသူ (၈၃)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လူမော် (ပြန်/ဆက်)