ကျေးရွာနှစ်ရွာတွင် ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေး

တပ်ကုန်း ဩဂုတ် ၆ နေပြည်တော် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ သကြားဟင်းအိုးကျေးရွာနှင့် ညောင်ကိုင်း ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ မတည်ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ သက်ဆိုင်ရာကော်မတီအိမ်နှင့်ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကျေးရွာမတည်ရန်ပုံငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှုအစီအစဉ်ကို အထောက်အကူဖြစ်စေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုး မွေးမြူရေး ထုတ်လုပ်သူများနှင့်အသေးစားစီးပွားရေးလုပ်ကိုင်သူများ လိုအပ်သော ငွေကြေး အရင်းအနှီး များရရှိစေရန်၊ ထုတ်ချေးပေးလိုက်သောငွေကြေးများနှင့် မိသားစု ဝင်ငွေတိုးလုပ်ငန်း များဆောင်ရွက်စေရန် ၊ဒုတိယအကြိမ် ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း အသင်းသူ၊အသင်းသား များအား ဆွေးနွေးပြောကြားခဲ့သည်။ ထိုကျေးရွာများတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း၏ ဒုတိယနှစ်စက်ဝန်းအဖြစ် သကြားဟင်းအိုးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၈၁) ဦး အတွက် ငွေကျပ်(၁၆၆)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၀၀)ဦးအတွက် ငွေကျပ်(၁၀၀) သိန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၃၁)ဦးအတွက် ငွေကျပ်(၄၆)သိန်း၊(၅)သောင်း၊ စုစုပေါင်း အသင်းသူ၊ အသင်းသား(၂၁၂)ဦး၊ ထုတ်ချေးငွေကျပ်(၃၁၂)သိန်း၊ ၅သောင်းကို လည်းကောင်း၊ ချောင်းခွကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၄၁)ဦးအတွက် ငွေကျပ် (၁၆၂)သိန်း၊ ၆သောင်း၊ ခုနှစ်ထောင်၊ ခုနှစ်ရာ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၈)ဦးအတွက် ငွေကျပ် (၂၈)သိန်း၊ ရှစ်သောင်း၊ လေးထောင်၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၅)ဦးအတွက် ငွေကျပ်(၁၈)သိန်း၊ ၅သောင်း၊ လေးထောင်၊ စုစုပေါင်းအသင်းသူ၊ အသင်းသား(၅၄)ဦး၊ ထုတ် ချေးငွေ ကျပ်(၂၁၀)သိန်း၊ ၅ထောင်၊ ခုနှစ်ရာကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ တင်စိုးလွင်