ရန်ကုန် သြဂုတ် ၆ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက မြို့နယ် အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ်နှင့် အလှမ်းဝေးသော ကျေးရွာပေါင်း ၁၄ အုပ်စုရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ဒလမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ စေတနာ့ဝန်ထမ်းများကို ဦးစားပေးအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ သြဂုတ်လ ၁ ရက်နေ့တွင် ၉၁ ဦး၊ သြဂုတ်လ ၂ ရက်နေ့တွင် ၁၂၀ ဦး၊ သြဂုတ်လ ၃ ရက်နေ့တွင် ၁၆၃ ဦး ၊ သြဂုတ်လ ၄ ရက်နေ့တွင် ၂၇၄ ဦး ၊ သြဂုတ်လ ၅ ရက်နေ့တွင် ၂၇၂ ဦး၊ စုစုပေါင်း ၉၂၀ ဦး တို့အား ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ကြောင်း၊ ယနေ့တွင် မြို့ပေါ်နှင့် အလှမ်းဝေးသော ကျေးရွာအုပ်စု ၁၄ အုပ်စုတို့ရှိ သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများကိုလည်း ဦးစားပေး အလိုက် ဆက်လက်၍ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။ နိုင်လင်းကျော်(IPRD)