ဗန်းမော်မြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံပေး

ဗန်းမော် ဩဂုတ် ၆

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ထပ်မံရောက်လာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက် ၉ နာရီက စတင်၍ ဗန်းမော်မြို့၌ စုရပ်(၂)စုခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးရာတွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဆရာဝန်နှင့် သူနာပြုများနှင့် ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာ ရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးနှံရန် ကျန်ရှိသော ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ သာစည်ရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်နှင့် နမ့်ဖားရပ်ကွက် တို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဗန်းမော်မြို့  အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေး ကျောင်းများမှ စာရင်းကောက်ယူထားသည့် ပုဂ္ဂိုလ်များ၊ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတို့အား ဗန်းမော်မြို့ မြို့တော်ခန်းမ၌ လည်းကောင်း စုရပ်ခွဲ၍ နံနက် ၉  နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ တစ်ကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဗန်းမော်မြို့နယ်အတွင်း၌ အသက်(၆၅)နှစ်နှင့်အထက်ရှိသူ သက်ကြီးဘိုးဘွားများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer နှင့် ပရဟိတအဖွဲ့များ၊  ဘုန်းကြီး/ သီလရှင်/ ဘာသာရေးကျောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ စသည်ဖြင့် ဦးစားပေးအုပ်စုခွဲ၍ ဩဂုတ် ၁ ရက်မှ ၄ ရက်နေ့အထိ လူဦးရေစုစုပေါင်း (၁၅၉၉)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် မိဘပြည်သူများအား အုပ်စုလိုက်ခွဲ၍ စနစ်တကျ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)