ဆစ်(ခ်)ဘာသာဝင်များက အောက်ဆီဂျင်လိုအပ်သူများအား ဒုတိယအကြိမ်မြောက်အဖြစ် အောက်ဆီဂျင်များ ပေးအပ်လှူဒါန်း

အောင်မြေသာစံ  ဩဂုတ် ၆

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆစ်(ခ်)ဘာသာဝင်များက အောက်ဆီဂျင်လိုအပ်သူများအား ဒုတိယအကြိမ်မြောက်အဖြစ် အောက်ဆီဂျင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ ၇၉လမ်း၊ ၁၀လမ်းနှင့် ၁၁လမ်းကြား၊ သူရဲဈေးအနီးရှိ ဆစ်(ခ်)ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည်။

အဆိုပါ အောက်ဆီဂျင်များ လှူဒါန်းခြင်းကို မန္တလေး ဆစ်(ခ်)လူငယ်အဖွဲ့ဥက္ကဋ္ဌ ကိုရဲရင့်အောင်၊ ဘဏ္ဌာရေးမှူး ကိုရဲမင်းသိန်းနှင့် အဖွဲ့ဝင်များက အောက်စီဂျင်လိုအပ်လျက်ရှိကြသော မိဘပြည်သူများအား တစ်ဦးလှျင် ၁၀လီတာဆံ့အောက်စီဂျင်အိုး(သို့မဟုတ်) ၁၅လီတာဆံ့အောက်စီဂျင်အိုး(သို့မဟုတ်) ၂၀လီတာဆံ့အောက်စီဂျင်အိုး တစ်အိုးနှုန်းဖြင့် အောက်ဆီဂျင်များကို ဖြည့်တင်းလှူဒါန်းပေးကြသည်။

မန္တလေးမြို့တွင် အောက်ဆီဂျင်လိုအပ်မှုများ များပြားနေ၍ ပြည်သူများ အခက်အခဲများဖြစ်ပေါ်နေခြင်းကို အဆင်ပြေစေရန်အတွက် ဒုတိယအကြိမ်မြောက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ဆရာဝန်ထောက်ခံချက်များ၊ ဆေးစာများပြသရန်မလိုဘဲ လာရောက်တန်းစီရုံဖြင့် အောက်ဆီဂျင်များ ဖြည့်တင်းပေးပါကြောင်း၊ အောက်စီဂျင်အိုးများရရှိမှု အပေါ်မူတည်ပြီး ဆက်လက်လှူဒါန်းပေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်းကို မန္တလေးဆစ်(ခ်)လူငယ်အဖွဲ့ဘဏ္ဌာရေးမှူး ကိုရဲမင်းသိန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)